မေဃ၀တီ၏ အနာဂတ်ကိုမျှော်ကြည့်ခြင်း အောင်ကိုစိုင်း(မေဃ၀တီ)

မေဃ၀တီ အလင်းတန်း ကိုစိုင်း(မာန်အောင်)ရေးသားတင်ပြသည်။

စီးနင်းလိုက်ပါလာသည့် တွင်အော်တာခေါ် ခရီးတိုသွားလေယာဉ်ငယ်သည် ဘင်္ဂလား ပင်လယ်အော်ကို ရခိုင်ကမ်းခြေအနီးမှ ပျံသန်းဖြတ်သန်းလျက်ရှိသည်။ ဆောင်းဦးပေါက်ရာသီဖြစ်၍ ရာသီဥ တုမှာ သာယာကြည်လင်နေသည်။

မိုးတိမ်မိုးသားမရှိ။ ပကတိကြည်လင်လျက်ရှိသည်မို့ လေယာဉ်ပေါ်မှအောက်သို့ ကြည့်လိုက်လျှင် စိမ်းညှို့ မှိုင်းနေသည့် ပင်လယ်ပြင်ကို လှမ်းမြင်ရသည်။ ပင်လယ်ရေပြင်သည် အစိမ်း။ ထို့ထက် နက်မှောင်သော အစိမ်းရောင်ဖြစ်သည်။ အပေါ်က ကြည့်မြင်ရသည်မှာ ပင်လယ်ပြင်၌ လှိုင်းလုံးများ မရှိသလိုဖြစ်နေသည်။

ပင်လယ်ပြင်တွင် ပိုက်လောင်းငယ်တချို့ကို ဟိုတစ်စီး သည်တစ်စီး မြင်တွေ့ရသည်။ ကမ်းနီးငါးဖမ်းလှေငယ်တို့ဖြစ်သည်။

တွင်အော်တာ လေယာဉ်ငယ်သည် စစ်တွေမှ မာန်အောင်ကျွန်းသို့ ပျံသန်းနေခြင်း ဖြစ်သည်။ တကယ်တော့ မာန်အောင်ကျွန်းမှာ ရခိုင်ကမ်းရိုး တန်းရှိကျွန်းများအနက် ဒုတိယ အကြီးဆုံး ကျွန်းဖြစ်သည်။ ရခိုင် ဒေသတွင် ဓညဝတီ၊ မေဃဝတီ၊ ရမ္မာဝတီ၊ ဒွာရာဝတီဟု ဒေသကြီး လေးရပ်ပိုင်းခြား ထားရှိသည့်အနက် ကျွန်းတစ်ကျွန်းထဲကိုကွက်၍ ဝတီတစ်ရပ်အဖြစ် သတ်မှတ်ထားခြင်း ခံရသည်မှာ ထူးခြားသည့် ကျွန်းလည်းဖြစ်သည်။

ပထမအကြီးဆုံး ကျွန်းမှာတော့ ရမ္မာဝတီ ခေါ် ရမ်း ဗြဲကျွန်းဖြစ်သည်။ ကျောက်ဖြူမြို့ နယ်နှင့် ရမ်းဗြဲမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသော ကျွန်းဖြစ်သည်။ ရမ်းဗြဲကျွန်းသည် ကျွန်းဟုဆိုငြားသော်ငြား ကမ်းရိုးတန်းကုန်းမြေနှင့် တစ်ဆက်တစ်စပ်တည်းကဲ့သို့ ရှိနေသည်။ ထို့ကြောင့်ပင် ရမ္မာကျွန်းသားတို့မှာ ကုန်းတွင်းပိုင်းဒေသများနှင့် ဆက်သွယ်သွားလာမှုတွင် လွယ်ကူနေသည်။ သို့ရာတွင် မာန်အောင်ကျွန်းမှာကား ကုန်းတွင်းကမ်းခြေများနှင့် ထိစပ်ခြင်း မရှိ။ ပင်လယ်ထဲတွင် သီးသန့်ကျွန်းကြီး တစ်ခုအဖြစ် ရှိနေသည်။ ကုန်းတွင်းကမ်းခြေနှင့် ငါးမိုင်ခန့် ကျယ်ပြောသည့် ရေလက်ကြားဖြင့် ပိုင်းခြားထားရှိ သည်မို့လည်း ပင်လယ်တွင်း၌ တစ်သီးတသန့်ရှိနေသည်။

မာန်အောင်ကျွန်းအား လေယာဉ်ပေါ်မှ မြင်ရသည်မှာ ဝိုင်းဝန်းသော ဒေသအသွင်ရှိနေသည်။ တွင်အော်တာ လေယာဉ်ငယ်သည် လေယာဉ်ကွင်း သို့ ဆင်းသက်ရန် တဖြည်းဖြည်း နိမ့်ဆင်းလာသည်နှင့်အမျှ မာန်အောင်ကျွန်း၏ ပုံရိပ်ကို အပေါ်မှ နီးနီးကပ်ကပ် တွေ့မြင်နေရသည်။ မာန်အောင် ကျွန်းပေါ်မှာ သစ်ပင် တောတောင်တို့နည်းပါးလွန်းသည်။ ထူးထူးခြားခြား မြင်တွေ့ရသည်ကတော့ စီတန်းနေသော အုန်းပင်တန်းများဖြစ်သည်။

မာန်အောင်ကျွန်း၏ ပတ်လည်တွင် သဲသောင် ဖြူဖြူများ ဝိုင်းပတ်ထားသည်ကိုလည်း မြင်ရသည်။ သဲသောင်ဖြူဖြူများသို့ တလိပ်လိပ် ပြေးတက် လာနေသော လှိုင်းခေါင်းဖြူဖြူများကိုလည်း လေယာဉ်ထက်မှ မြင်တွေ့နေရသည်။ ကောင်းမြတ်သူသည် မာန်အောင်ကျွန်း၏ အလှကို လေယာဉ်ပေါ် မှ ငေးစိုက်ကြည့်လာမိသည်။ မေဃဝတီတဲ့။ မိန်းမလှကျွန်းလို့လည်းခေါ်ကြသည်မဟုတ်လား။

အသားအရေ ဖြူဖြူလွှလွှ၊ အရပ် အမောင်းကောင်းကောင်းလှ သည့် မာနထောင်သူ သူငယ်ချင်းများကိုလည်း မြင်ယောင်ဖြစ်လိုက်မိသေးသည်။ အသားအရေဖြူသည်ဆိုသော်လည်း ဖြူဆွဆွမဟုတ်။ မာန်အောင်သူတို့၏ အသားအရေမှာ ဖြူဝင်းချောမွတ်နေ ခြင်းဖြစ်သည်။

ကြာခဲ့ပါပြီ။ ကောင်းမြတ်သူ ရောက်ခဲ့သည့်အချိန်မှာ ၁၉၈၄ ခုနှစ်က ဖြစ်သည်။ ယခုဆိုလျှင် နှစ် ပေါင်း ၂၅ နှစ်ကျော်ခန့်ပင်ရှိခဲ့ပြီ ကောလား။ လွန်ခဲ့သော ၂၅ နှစ်ကျော်ကာ လက မာန်အောင်ကျွန်းသို့ ကုန်းတွင်း ဒေသများမှ သွားလာခဲ့ရသည့် ခရီးလမ်းကြောင်းကိုလည်း ကောင်းမြတ်သူ အမှတ်ရမိနေသေးသည်။ ကုန်းတွင်းဒေသများနှင့် မာန်အောင်ကျွန်းတို့၏ အဆက်အသွယ်မှာ ရေကြောင်းခရီး တစ်ခုတည်းသာရှိခဲ့သည်။

လေကြောင်းခရီး မရှိမဟုတ်။ ရှိခဲ့ဖူးပါ၏။ ၁၉၇၄-၇၅ ခုနှစ် ခန့်က ဖြစ်သည်။ မာန်အောင်နှင့် ဂွမြို့များသို့ ဒါကိုတာ လေယာဉ်ကြီးများ ဆင်းသက် ပျံသန်းပေးခဲ့ဖူးသည်။ ဒါကိုတာ လေယာဉ်များကို အနားပေးလိုက်ပြီးနောက် ခရီးတိုပြေးဆွဲနိုင်သည့်တွင် အော်တာ လေယာဉ်များဖြင့် အစားထိုးပျံ သန်းပေးခဲ့ဖူးသည်ကိုလည်း အမှတ်ရနေမိသည်။ တွင်အော်တာ လေယာဉ်ငယ်များသည် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ မာန် အောင်၊ အမ်း၊ ဂွမြို့များသို့ ပျံ သန်းပြေးဆွဲခဲ့ဖူးကြောင်းလည်း အမှတ်ရမိနေသေးသည်။ သို့ရာတွင် ၁၉၈၅ ခုနှစ်နောက်ပိုင်းမှစ၍ ပျံ သန်းခြင်းမရှိတော့။ မာန်အောင်မြို့ သားတို့ကား လှိုင်းကြီးလေကြီးထဲတွင် မာန်အောင်ရေလက်ကြားကို ဖြတ်၍ သက်စွန့်ဆံဖျား ကူးသန်းသွားလာနေခဲ့ကြရသည်။

လမ်းပန်းဆက်သွယ်ရေး၏ မလှမပသော ပုံရိပ်များဖြစ်ပါ၏။ မာန်အောင်မြို့သို့ အသွားအလာ အခက်အခဲမှာ ထိုစဉ်မှသည် ယနေ့ထက်ထိတိုင် ဖြစ်နေ သေးသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေရသေးသည်။

ထိုစဉ်ကတော့ မာန်အောင်မြို့ မှာ မြို့ဟုသာ ဆိုသည်။ ကျေးရွာကြီး တစ်ရွာနှင့် ဘာမျှ ခြားနားခြင်းမရှိ။ ဖုန်ထူထူ လမ်းကြောင်းတွေမှာ သွားလာနေ ကြရသည်။ ဆိုက်ကားမရှိ။ မော်တော်ဆိုင်ကယ်မရှိ။ စက်ဘီးမရှိ။ မော်တော်ကားမရှိ။ ထိုစဉ်တုန်းကတော့ ရှိဦးတော့ ဖုန်များအကြားတွင် သွားလာလှုပ် ရှားဖို့ကလည်း လွယ်မည်မဟုတ်သည်မှာ သေချာသည်။

မာန်အောင်မြို့၏ စီးပွားရေး

ကောင်းမြတ်သူတို့သိထားခဲ့ သည့် မာန်အောင်မြို့၏ စီးပွားရေး မှာ အုန်းစိုက်ပျိုးခြင်းလုပ်ငန်းဖြစ် သည်။ ပြီးတော့ ရေလုပ်ငန်း။ မာန်အောင်မြို့နယ် ရှိ ရဲကျွန်းတွင် စိုက်ပျိုးသည့် ရဲကျွန်းကြက်သွန်နီမှာ နာမည်ကြီးသည်။ တစ်နှစ်ပတ်လုံး အထားခံသည့် ကြက်သွန်နီဥနီရဲရဲ များဖြစ်ကြသည်။ ပြီးတော့ ၁၉၇၂ ခုနှစ် မတိုင်မီ ကာလအထိ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံခြားသို့ ဆန်စပါးများတင်ပို့ခဲ့ရာတွင် နာမည်ကြီးခဲ့သည့် ချီဒူဘာဆန် ခေါ်မာန်အောင် ကျွန်းထွက်ဆန်ကိုလည်း အမှတ်ရစရာဖြစ်သည်။ ဖြူဖြူဝင်းဝင်းဖြင့် လှပသည့် ဆန်ဖြစ်သည်။ မာန်အောင်ကျွန်းတွင် မြေပဲများကိုလည်း စိုက်ပျိုးဖြစ် ထွန်းသည်။

ပြီးတော့ မာန်အောင်ဆေးရွက်ကြီးက နာမည်ကြီးသည်။ မာန်အောင်ဆေးသားလိပ်မှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ပင် တင်ပို့ရောင်း ချနိုင် ခဲ့သည်။

မာန်အောင်ကျွန်းနှင့် ပတ်သက် ထူးခြားချက်ကို ကောင်းမြတ်သူ သတိထားမိခဲ့တာရှိသည်။ ဤသည် မှာ မာန်အောင်မြို့နယ်သားတို့ အတွက် စားရေရိက္ခာ မပူမပင်ရ ခြင်းဖြစ်သည်။ ဆန်လိုသလား။ ဆန်ရှိသည်။ ဆီလိုသလား။ ဆီရှိသည်။ ကြက်သွန်အပါအဝင် ဆား၊ ငါးပိ၊ ငါးခြောက်တို့က ဒေ သတွင်းမှာ ရသည်။ ဆန်ကိုပင်လျှင် နိုင်ငံခြား တင်ပို့ဖို့ စိုက်ပျိုးထုတ်လုပ်နိုင်သေး သည်။ ပြီးတော့ မာန်အောင်ကျွန်း တွင် နွားမွေးမြူရေး လုပ်ငန်းက လည်း တွင်ကျယ်ခဲ့သည်။ ယနေ့ထိတိုင် မာန်အောင်ကျွန်းမှာ နွားများကို မွေး မြူပြီး ရခိုင်ပြည်နယ် ဒေသများရှိ နွားလိုအပ်ချက်ရှိသည့် မြို့နယ်များသို့ တင်ပို့ရောင်းချရဆဲရှိသည်။ မာန်အောင်ကျွန်းမှ အကြီးအကျယ် စိုက်ပျိုးနေသည့် အုန်းသီးဆန်များ၊ အုန်းဆန်မျှင်များကလည်း မာန်အောင် သားတို့အ တွက် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ အုန်းဆန်မျှင်များကို အုန်းဆန်ကြိုး ထုတ်လုပ်သည့် စက်ရုံတစ်ရုံကိုပင် နိုင်ငံတော်မှ ထူ ထောင်ပေးခဲ့သည် ကိုလည်း အမှတ် ရစရာဖြစ်သည်။ ယခုလက်ရှိတွင် တော့ အုန်းဆန်မှ အုန်းဆီထုတ်လုပ် ရောင်းချနေကြသည်။ မာန်အောင် အုန်းဆီ ဆိုသည်က အမျိုး သမီးများ လက်စွဲဖြစ်သည်။

မာန်အောင်ကျွန်း စီးပွားရေးကို လျှပ်တစ်ပြက် လှမ်းကြည့်မိခြင်း ဖြစ်သည်။ ပြည့်ပြည့်စုံစုံတော့ မဟုတ်သေး။ မာန်အောင်ကျွန်းသား တစ်ဦး တလေအတွက်လည်း တစ်ခါ တစ်ရံ ကံကောင်း၍ ရတနာပုံဆိုက်ခဲ့ သည့် အကြောင်းများကိုလည်း ကြား သိခဲ့ရဖူးသည်။ ထိုသည်မှာ ပင်လယ် ပြင်မှ ကံကောင်းလျှင်ရရှိတတ်သည့် ငါးကြီးအံဖတ်များဖြစ်ကြသည်။ တစ် ပိဿာ သိန်းရာချီရှိသည့် ပစ္စည်း အမယ်အဖြစ်လည်း မှတ်သားရသည်။

ပစ္စက္ခမာန်အောင်

အနာဂတ် မာန်အောင်

ကောင်းမြတ်သူသည် မာန် အောင်မြို့သို့ ၁၉၈၄ ခုနှစ်တွင် နောက် ဆုံးရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ပြီးတော့ မာန်အောင်ကျွန်းနှင့် အလှမ်း ပြီးတော့ မာန်အောင်ကျွန်းနှင့် အလှမ်း ဝေးသလိုဖြစ်နေခဲ့သည်။ သို့ရာတွင် ကောင်းမြတ်သူသည် မာန်အောင် ကျွန်းကို မမေ့။ မာန်အောင်မြို့နယ်က ထွက်သည့် ချီဒူဘာဆန် အကြောင်း ကို တွေးမိနေဆဲဖြစ်သည်။ ရဲကျွန်း ကထွက်သည့် ကြက်သွန်နီများကိုလည်း မမေ့ဖြစ်။ ထို့ထက်စွဲလမ်း ချစ်ခင်ခဲ့ရဖူးသည့် တိတ်တခိုး ကြိုက် နှစ်သက်ခဲ့ရဖူးသည့် မာန်အောင်မြို့သူ အကြောင်းကိုလည်း မမေ့နိုင်ခဲ့တာပါ မည်။ အထူးသဖြင့်တော့ မိမိကိုယ်၌ က စီးပွားရေး သတင်းဆောင်းပါး များရေးသူတစ်ဦးအဖြစ် ရပ်တည်လာ ခဲ့သည့်အခါ ရခိုင်ပြည်နယ်တစ်နံ တစ်လျားက စီးပွားရေးအကြောင်း များလေ့လာရင်း မာန်အောင်ကျွန်း၏ စီးပွားရေးပုံရိပ်များကို လှမ်းမျှော်ကြည့် မိဖြစ်သည်။

လက်ရှိ ပစက္ခပုံရိပ်တွင် မာန်အောင်ကျွန်း၏ အသွင်သဏ္ဌာန်မှာ အားတက်ဖွယ်ရာ မြင်သိကြားနေ ရသည်။ မာန်အောင်ကျွန်း ပတ်လမ်းကို ဖောက် လုပ်နေကြပြီဖြစ်သည်။ ကျွန်းပေါ်တွင် ထော်လာဂျီတွေ၊ မော် တော်ဆိုင်ကယ်တွေ၊ ကားတွေ သွား လာနေကြပြီဟုလည်းသိရသည်။ မာန်အောင်ကျွန်း မှာ မော်တော်ဆိုင်ကယ် ကယ်ရီသမားများကလည်း များလှသည်တဲ့။ စစ်တွေပြီးလျှင် မာန်အောင်မြို့မှာ မော်တော်ဆိုင်ကယ် အများဆုံးဖြစ်ကြောင်း လည်း လေ့လာ သိရှိရပြန်သည်။ ၁၉၈၄ ခုနှစ်တုန်း က ကောင်းမြတ်သူတို့ မာန်အောင်မြို့ အနောက်ဘက်ကမ်းခြေရှိ နာမည်ကြီး တောင်နီတောင်ကို မာန် အောင်မြို့မှ တစ်ညအိပ်ခရီး သွား ခဲ့ရသည်ကိုလည်း အမှတ်ရမိသေး သည်။ ယခုတော့ နေ့ချင်းပြန် သွား ရောက်နိုင်တော့မည်။ မာန်အောင်မြို့ တစ်နံတစ်လျားမှ ရေလုပ်ငန်း လုပ် ကိုင်သူများ မာန်အောင်မြို့ပေါ်ရှိ ငါး၊ ပုစွန်အဝယ်ဒိုင်များသို့ အချိန်မလင့်မီ လာရောက် ရောင်းချနိုင်ကြပြီဖြစ်သည်။ ဒါတွေက တိုးတက်လာသော ပြယုဂ်မြင်ကွင်းတွေဖြစ်သည်။

မာန်အောင်ကို အခြေပြု၍ ရေ လုပ်ငန်းလုပ်ကိုင်သူတွေ များလာ သည်။ ထို့အပြင် အုန်းသီးရောင်းချ မှုများကလည်း တွင်ကျယ်လာသည်။ အုန်းဆီ ထုတ်လုပ်မှုကို တစ်ပိုင် တစ် နိုင် လုပ်ကိုင်လာကြသည်။ များများ ထုတ်လုပ်နိုင်ကြဖို့ လိုအပ်ပါလိမ့် မည်။

အုန်းသီးထွက်ပစ္စည်းများကို အခြေပြု စီးပွားဖြစ်လုပ်နိုင်၊ ကိုင် နိုင်တာတွေ အများအပြားရှိသည်။ တစ်နေ့ ထိုတစ်နေ့ကား မဝေးတော့ သောကာလတွင် ဖြစ်လာလိမ့်မည်ဟုလည်း မှန်းဆရ သည်။ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ရခိုင်ဒေသနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှု တိုးတက်လာနိုင်ကြောင်း ဆိုကြသည်။ မာန်အောင်ကျွန်းမှ ထွက်သည့် အုန်းသီးများသည် အိန္ဒိယ နိုင်ငံသို့ပို့ကုန်အဖြစ် မျှော်လင့်နိုင်သည်လည်းဖြစ်သည်။

မာန်အောင်မြို့စမုံတဲ လေယာဉ် ကွင်းကိုလည်း တိုးချဲ့ပြုပြင်ရန် တိုင်း တာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မာန်အောင်မြို့သို့ လေယာဉ် ဆင်းသက်ပြေးဆွဲနိုင်လျှင် နိုင်ငံခြားခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်သည်။

မာန်အောင်ကျွန်းအနောက်ဘက်ကမ်းခြေ၊ မြောက်ဘက်ကမ်းခြေ များမှာ အလွန်လှပသည့်ကမ်းခြေများ ဖြစ်သည်။ ကျယ်ပြောသော ဘင်္ဂလား ပင်လယ်အော်ကြီးကို မျက်နှာမူ ထားသည့် ပင်လယ်ကမ်းခြေရှိနေ သဖြင့် အဆိုပါနေရာများမှ သင့်တော် သည့် နေရာများတွင် ပင်လယ်ဆိပ် ကမ်းခြေ များအဖြစ် တည်ဆောက် ပေးနိုင်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည် ပတ်နိုင်သည့် ခရီးသွားလုပ်ငန်းကို ထူထောင်နိုင်ကြ ပါလိမ့်မည်။ မာန် အောင်ကျွန်းသားတို့မှာ ခရီးသွား လုပ်ငန်း အလုပ်အကိုင် အခွင့်အလမ်း များပေါ်ထွန်းလာနိုင်ပါလိမ့်မည်။

ယခုအခါမာန်အောင်သို့ သွားလို လျှင် စစ်တွေမှ တောင်ကုတ်သို့ သင်္ဘောစီး၊ တောင်ကုတ်တွင် တစ်ညအိပ်ပြီးမှ မာန်အောင်သို့ ခရီးဆက် ကြရ သည်။ ပြန်လျှင်လည်း သို့နှယ် ပင်။ တောင်ကုတ်တွင် တစ်ညအိပ် ပြီး ခရီးဆက်ကြရသည်။ မကြာမြင့် မီကာလတစ်ခုတွင် စစ်တွေမှ မာန် အောင်သို့ နေ့ ချင်းပေါက် ခရီး သွားနိုင် ဖို့ စီစဉ်နေကြသည်။ ထိုခရီးစဉ်မှာ စစ်တွေမှ ကျောက်ဖြူ(သို့မဟုတ်) စစ်တွေမှ ရမ်းဗြဲသို့ အမြန်သင်္ဘော စီးပြီး ရမ်းဗြဲမှ အောင် လှပြင်သို့ ကားဖြင့်သွားကာ အောင်လှပြင်ဆိပ်ကမ်းမှ မာန်အောင် ခအုံးမော်ဆိပ်ကမ်းသို့ မော်တော်ဖြင့် ကူးခြင်းဖြစ်သည်။ မာန်အောင်ဒေသခံတစ်ဦး၏ အဆိုအရ အောင်လှပြင်မှ မာန်အောင်ကျွန်း ခအုံးမော် ဆိပ်ကမ်းသို့အရောက် မော်တော်ဖြင့် တစ်နာရီခန့်သာ ကူး ဖြတ်ရကြောင်း ဆိုသည်။ စစ်တွေ မှ နံနက် နာရီထွက်လျှင် မာန် အောင်သို့ ညနေ နာရီ ခန့်တွင် ရောက်နိုင်သည်တဲ့။ သူကိုယ်တိုင်သည်ခရီးကို သွားခဲ့ဖူးပြီး ဖြစ်ကြောင်းလည်းဆိုသည်။

ကောင်းမြတ်သူသည် ကြားသိ နေရသော သတင်းများနှင့် အတူ မာန်အောင်ကျွန်းခေါ် မေဃဝတီ အနာဂတ်ကို ပုံဖော်နေမိခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသို့ ၂ဝ၁၄-၁၅ ခုနှစ်တွင် လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း ကြားသိနေရသည်။ ရမ်းဗြဲကျွန်းကမ်းခြေမှ မာန်အောင်ကျွန်းသို့ လျှပ်စစ်မီးကြိုးသွယ်တန်းနိုင်မည့် အခြေအနေများကိုလည်း လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ အများပြည်သူနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်ကိုလည်း ကြားခဲ့ရသည်။ မေဃဝတီ၏ အနာဂတ် မျှော်လင့်ချက်များဖြစ်ပါ၏။

ဤမျှော်လင့်ချက်များသည် မာန်အောင် သူ၊ မာန်အောင်သားတို့အတွက် အားဆေးတစ်ခုပင်လည်းဖြစ် ပါလိမ့်မည်။

မေဃဝတီ၏ အနာဂတ်ကို လှမ်းကြည့်ခြင်းမှာ စိတ်ကူးယဉ်ခြင်းတော့ မဟုတ်။ လောကကြီးတွင် မဖြစ်နိုင်သော အရာ ဟူသည် မရှိဟုဆိုကြသည်။ မဖြစ်သေးတာသာ ရှိသည်ဟု ဆိုသည်။ သို့ဆိုလျှင် စိတ်ကူးများကို အကောင်အထည် ဖော်လာသည်နှင့် အမျှ မေဃဝတီ၏ အနာဂတ်မှာ လင်းလက် ထွန်းတောက်လာနိုင်မည် ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲဟု ဆိုရပေလိမ့်မည်။

အောင်ကိုစိုင်း (မေဃ၀တီ) ထပ်ဆင့်ဖော်ပြသည်//

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းရှိ ပင်လယ်ကမ်းခြေအား နိုင်ငံတကာအဆင့်ရှိ အပန်းဖြေစခန်း တည်ဆောက်၍ ကမ္ဘာလှည့် ခရီးသွားဇုန် သီးသန့် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

ထိုစီမံကိန်းကို မြန်မာနိုင်ငံမှ စတုဒီပ ကုမ္ပဏီနှင့် ထိုင်ဝမ်၊ စင်ကာပူ နိုင်ငံတို့မှ ကုမ္ပဏီများက အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

နိုင်ငံတကာ ဂျက်လေယာဉ်များ ဆင်သက်နိုင်မည့် လေယာဉ်ကွင်းတခုကိုလည်း တည်ဆောက် သွားမည်ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၂၀၀ ကျော်မှ သန်း ၈၀၀ ကျော်အထိ သုံးစွဲသွားမည်ဟု စတုဒီပ ကုမ္ပဏီအကြီးအကဲ ဦးစိန်ဦးက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် အဆင့်မြင့် ဟိုတယ်ဇုန်များ၊ အပန်းဖြေစခန်းများနှင့် သဘာဝ သြဂဲလ်နစ် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေး စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများနှင့် ဒေသခံတောင်သူများ အတွက်ပါ ရည်ရွယ်၍ ဆည်တမံများကို လည်းဆောက်မည်ဖြစ်ရာ လက်ရှိတွင် ဆည်တခု စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကလည်း လာရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်က ကျနော်တို့နိုင်ငံမှာ ကမ္ဘာကျော် ပင်လယ်ကမ်းခြေရှိတဲ့ ကျွန်းမျိုး ရှိတယ်ဆိုတာကို နိုင်ငံတကာကို ပြချင်တယ်။ သန့်ရှင်းတဲ့ သြဂဲလ်နစ် ထွက်ကုန်တွေနဲ့ ကျွန်းရဲ့အလှအပတွေကိုလည်းပဲ ကမ္ဘာကို ပြချင်တယ်” ဟု ဦးစိန်ဦး က ဆိုသည်။

မာန်အောင်ကျွန်း ခရီးသွားဇုန် စီမံကိန်းသည် နိုင်ငံတကာခရီးသွား ဧည့်သည့်သည်များအတွက် အဓိက ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အပန်းဖြေစခန်း အများအပြား ရှိသည့်အတွက် အများနှင့် မတူသည့် ဆောင်ရွက်မှုမျိုးဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန် စီမံတည်ဆောက်သွားမည်ဟု သိရသည်။

“ထူးခြားမှုတခုကတော့ ကျွန်းပေါ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာတွေကို နိုင်ငံခြားတွေ ကြည့်ရှု လေ့လာနိုင်အောင် သူ့ရိုးရာ သဘာဝအတိုင်း ထားမယ်။ နိုင်ငံခြားဆန်ဆန် ပုံစံတွေကို လုံးဝမလုပ်ဆောင်ပါဘူး” ဟု ဦးစိန်ဦးက ဆိုသည်။

ထိုစီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရနှင့် သမ္မတတို့က တရားဝင် ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းတချို့ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ၀န်ကြီးဌာနတချို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ဧည့်သည်များ စတင်လက်ခံနိုင်မည်ဟု သိရသည်။

မာန်အောင်ကျွန်း ဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရကလည်း ဆောင်ရွက်နေကြောင်း၊ ဒေသခံပြည်သူများ စီးပွားရေး ပြေလည်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းပိုမို လုပ်ကိုင်နိုင်ရန် ဗဟိုအစိုးရမှ ကျပ်ငွေ သိန်းပေါင်း တသောင်းခွဲခန့်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းတွင် မာန်အောင်သို့ သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌနှင့် မာန်အောင်ကျွန်း ဒေသခံဖြစ်သူ ဦးသာညွန့်က ဧရာဝတီသို့ ပြောသည်။

“နွားမွေးတဲ့ တောင်သူတွေအတွက် ကျပ်ငွေသိန်းပေါင်း တသောင်းခွဲကျော်ကို မနေ့က ထုတ်ချေးပေးခဲ့ပါတယ်။ ငွေ တရာကျပ်ကို အတိုးနှုန်း တနှစ်မှ ၄ ကျပ်နဲ့ ချေးပေးတာပါ။ တနိုင်တပိုင်ကနေ နွားမွေးမြူဇုန်အထိ လုပ်ဆောင်သွားဖို့လည်း ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

မာန်အောင်ကျွန်း ဒေသခံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်၍ တနိုင်တပိုင် မွေးမြူရေးမှတဆင့် ပိုလျှံသည့်နွားများကို ပြည်ပသို့ တင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု ဦးသာညွန့်က ဆိုသည်။

ဒေသခံများက ပြောရာတွင် မာန်အောင်ကျွန်းပေါ်၌ နွားစားကျက်မြေ ပေါများ၍ အများစုက စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်ကြကြောင်း၊ သို့သော် ၎င်းတို့၏ ဒေသထွက်ကုန်များနှင့် ကျွဲ၊ နွားများကို တခြားဒေသများသို့ ကူးသန်း ရောင်းဝယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အာဏာပိုင်များက ကန့်သတ်မှု၊ အခွန်မတရား တောင်းခံမှုတို့ကြောင့် စီးပွားရေး အခက်အခဲများနှင့် ကြုံနေသည်ဟု ပြောသည်။

မာန်အောင်ကျွန်း ဒေသခံများသည် ၎င်းတို့၏ နွားများကို စက်လှေများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တခြားဒေသများသို့ တင်ပို့ပါက အစိုးရ တပ်မတော် (ရေ) နှင့် တခြားတပ်ဖွဲ့တို့၏ အခွန်မတရား ကောက်ခံခြင်း၊ နွားများကို သိမ်းယူခြင်းအပြင် စက်လှေကိုပါ အဓမ္မသိမ်းဆည်းမှုများ ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့ကျွန်းမှာ မြေလွတ်မြေရိုင်းတွေ ပေါတယ်၊ အခု စီမံကိန်းတွေ လုပ်တော့မယ်ဆိုတော့ အာဏာပိုင်တွေ၊ စစ်တပ်တွေ၊ စီးပွားရေး သမားတွေက ကျနော်တို့ လယ်မြေတွေကို အဓမ္မသိမ်းယူမှုတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်” ဟု ဒေသခံတဦးက ဆိုသည်။

မာန်အောင်ကျွန်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဒေသခံပြည်သူများ၏ လယ်မြေသိမ်းယူခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် ကိစ္စကို လုံးဝလုပ်ဆောင်မည် မဟုတ်ကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်၍လည်း ရပ်မိရပ်ဖများ ပါဝင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်း၍ ပြည်သူများ၏ ဆန္ဒအတိုင်း လုပ်ဆောင်မည်ဟု ဦးစိန်ဦးက ဆိုသည်။

မာန်အောင်ကျွန်း ကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းတွင် မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းကို မော်တော်ကားများဖြင့် သွားလာနိုင်စေရန် ကားတင်သည့် ဇက်သင်္ဘောများ ပြေးဆွဲမည့် စီမံကိန်းလည်း ပါဝင်မည်ဖြစ်သည်။ ဇက်သင်္ဘောများ ဆိပ်ကပ်မည့် နေရာကို မာန်အောင်ကျွန်းရှိ ခအုန်းမော်ကျေးရွာနှင့် ရမ်းဗြဲကျွန်းရှိ အောင်လှပြင်ကျေးရွာတို့အား ရွေးချယ်ထားကြောင်း သိရသည်။ ထိုမှတဆင့် ရမ်းဗြဲမြို့-ကျောက်ဖြူမြို့နှင့် တခြား ဒေသများသို့ ဆက်သွယ်မည် ဖြစ်သည်။

မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကျွန်းဖြစ်ပြီး အကြီးဆုံးကျွန်းမှာ ရမ်းဗြဲကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဘင်္ဂလားပင်ပြင်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၁၁၀ ၀န်းကျင်နှင့် ကျေးရွာ အုပ်စု ၄၁ ခု ရှိသည်။

မာန်အောင်ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားဇုန် အကောင်အထည် ဖော်မည်

Sunday, July 15, 2012

No comments:

Post a Comment